ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက
ယခုအပတ်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့
လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို
သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကို လည်း
ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။
မြေယာသိမ်းမှုနှင့် ပတ်သတ်သည့် အငြင်းပွါးမှုများတွင် ဒေသခံများဘက်မှ
ရပ်တည် ပြောဆိုပေးခဲ့ပြီး ထားဝယ်စီမံကိန်းကို ထောက်ခံပံ့ပိုးနေသည့်
အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ
ကိုဘိုဘိုအောင်က နှစ်နိုင်ငံ အစိုးရများအနေဖြင့် စွမ်းအင်နှင့်
စက်မှုစီမံကိန်များနှင့် ပတ်သတ်၍ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးကို ထပ်မံ
အတည်ပြုကာ တနလာင်္နေ့က လက်မှတ်ရေးထိုးခဲ့ကြသည့် နားလည်မှု စာချွန်လွှာ သုံးခု၏
အသေးစိတ်များကို ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်။
“နှစ်နိုင်ငံ သဘောတူ ခန့်အပ်လိုက်တဲ့ ဝန်ကြီးအဆင့်
လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဖွဲ့စည်းပုံနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံက
ရင်းနှီးမြှုပ်နှံထားတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ စီးပွါးရေးဇုန်
တည်ထောင်ရေး အစီအစဉ်ရဲ့ တိုးတက်မှုတွေ အပါအဝင် စီးပွါးရေး
ပူးပေါင်းဆောင်ရွက်မှုတွေကို အဲဒီ့အဖွဲ့က ဘယ်လိုစီမံမယ် ဆိုတာတွေကို
ကျနော်တို့ မသိပါဘူး” ဟု ကိုဘိုဘိုအောင်က ပြောဆိုကြောင်း ထိုင်းနိုင်ငံ
အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ ဗုဒ္ဓဟူးနေ့ ထုတ် သတင်းဆောင်းပါး
တပုဒ်တွင် ရေးသားထားသည်။
အတိတ်ကာလက အစိုးရနှင့် ကုမ္ပဏီအရာရှိများအနေဖြင့် ဒေသခံများနှင့်
လုံလောက်စွာ ဆွေးနွေးမှု မရှိခဲ့သလို သက်ဆိုင်သည့် သတင်းအချက်အလက်များလည်း
မျှဝေခြင်း မရှိခဲ့သဖြင့် စိုက်ပျိုးရေးဖြင့်
အသက်မွေးကြသည့်ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်ခဲ့ရကြောင်း ကိုဘိုဘိုအောင်က
ဆိုသည်။
အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံခန့်ရှိသည့် စီမံကိန်းတွင် ပါဝင်ကြသော
ကုမ္ပဏီများနှင့် နှစ်နိုင်ငံ အစိုးရများအနေဖြင့် ဧရိယာ စတုရန်းမိုင်ပေါင်း
၂ဝဝ ကျော်ရှိသည့် စီမံကိန်း ဒေသအနီးတွင် နေထိုင်ကြသော ဒေသခံများ
လက်တွေ့အခြေအနေကို ထည့်သွင်း စဉ်းစားရန် လိုကြောင်းလည်း သူက ဆိုသည်။
နှစ်နိုင်ငံအစိုးရများ ထပ်မံအတည်ပြုလိုက်သည့် ပူးပေါင်းဆောင်ရွက်ရေးသည်
နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများကို ဆွဲဆောင်နိုင်ဖွယ်ရှိကာ မကြာခင်တွင်
စီမံကိန်းအတွက် ငွေကြေးအထောက်အပံ့များ ရရှိဖွယ်ရှိသည်ဟုလည်း
ကိုဘိုဘိုအောင်က ပြောသည်။ စီမံကိန်း၏ ကန်ထရိုက်တာမှာ ထိုင်းနိုင်ငံ၏
အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD ဖြစ်သည်။
“လူတွေကတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာမှာမျိုးလို
အပြုသဘောဆောင်တဲ့ အကျိုးဆက်တွေ အကြောင်းပဲ ပြောနေကြပါတယ်။ ဒါပေမယ့်
ဒီမှာရှိတဲ့ ဒေသခံတွေဟာ ရေနက်ဆိပ်ကမ်းတွေ စက်မှုလုပ်ငန်းတွေမှာ
အလုပ်လုပ်ခြင်းထက် စိုက်ပျိုးမွေးမြူရေးမှာ အလုပ်လုပ်တာကသာ သူတို့ရဲ့
ကျွမ်းကျင်မှုနဲ့ ပိုပြီး ကိုက်ညီတာပါ” ဟု ၎င်းက ဆိုသည်။
“ဒေသခံတွေ စီးပွါးရေးပတ်ဝန်းကျင် အနေအထားသစ်မှာ အလုပ်လုပ်နိုင်စွမ်း
ရှိလာဖို့ စီမံကိန်းတွေ မစတင်မီမှာဒေသခံတွေကို ကျွမ်းကျင်မှု သင်တန်းတွေ
အရင်ပေးသင့်ပါတယ်” ဟု ကိုဘိုဘိုအောင်က ဘန်ကောက်ပို့စ် သတင်းစာကို
ပြောကြားသွားသည်။
0 comments:
Post a Comment