လောင်းလုံး ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ


တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီးတွင် ရေနံချက် စက်ရုံနှင့် ရေနံသန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အနီးရှိ ကျေးရွာများမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ထိုစီမံကိန်းအတွက် ဇွန်လကုန်ပိုင်းတွင် တရုတ်နှင့် မြန်မာများက မြေယာ တိုင်းတာမှု ပြုလုပ်ခဲ့ပြီး စက်ရုံတည်ဆောက်မည့် အကြောင်းနှင့် ကျေးရွာ ရွှေ့ပြောင်းရေး၊ ဥယျာဉ်ခြံများကို လျော်ကြေးပေး သိမ်းယူရေးတို့ကိုလည်း ဒေသခံများနှင့် ဆွေးနွေးသွားခဲ့ကြကြောင်း ညင်းမော်ရွာခံ အမျိုးသမီးတဦးက ပြောသည်။


“တိုင်းထားတာတော့ မနည်းဘူး တရွာလုံး ပါတယ်။ တရုတ်တွေနဲ့ ဦးပိုင်က လူတွေပါတယ်။ သူတို့က ဒီကိုလာပြီး ရွာသားတွေကို အစည်းအဝေး ခေါ်တယ်။ ရေနံချက် စက်ရုံဆောက်ဖို့ ဘယ်လိုလုပ်မယ် ဆိုတာ ပြောပြတယ်” ဟု မဇ္ဈိမကို ပြောသည်။
သိမ်းဆည်းရန် တိုင်းတာခံထားရသည့် မြေဧက အရေအတွက် အတိအကျကို မသိရှိရသေးသော်လည်း ဥယျာဉ်ခြံ ဧကထောင်ကျော်ရှိပြီး ထိုအထဲတွင် သူ၏ ရာဘာခြံ ဧက ၂ဝဝ ခန့် ပါဝင်သည်ဟု ဆိုသည်။
စက်ရုံများကို ထားဝယ်မြို့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်ရှိ လောင်းလုံးမြို့နယ် အစိုးရ ဆီအုန်းခြံတွင် တည်ဆောက် မည် ဖြစ်ပြီး အနီးအနားရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာ၊ ဂေါ့အင်းရွာ အဖျားပိုင်း၊ လေးသွန်းခံရွာ (ဗိုလ်မှူးဗထူး မွေးရပ်) ရှိ ဥယျာဉ်ခြံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
“အစိုးရ ဆီအုန်းပင်တွေကတော့ အိုနေပြီ။ အဲဒီပတ်ဝန်းကျင်က ဥယျာဉ်ခြံတချို့ ပါမယ်။ ပြောင်းရွှေ့ခံရမယ့် ရွာတွေက အိမ်ခြေ နည်းတယ်” ဟု ထိုစီမံကိန်းအကြောင်း လေ့လာနေသည့် တက္ကသိုလ် ကထိက တဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် “ဒီစက်ရုံ စီမံကိန်းမှာ water supply (လိုအပ်သည့်ရေ) အတွက် dam (ဆည်)တခု ပါတယ်။ လောလောဆယ် ပင်လယ်ပိုင်းမှာ survey (စစ်တမ်း) လုပ်နေတယ်။ ပိုက်လိုင်း လုပ်မယ်ဆိုရင်တော့ လာဦးမယ် ဇာတ်လမ်းတွေ” ဟု ၎င်းက ဆက်ပြောသည်။
တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာနှုန်း ပါဝင်သည်ဟု ဆိုသည်။
သိမ်းယူရန် တိုင်းတာခံထားရသည့် ခြံများတွင် ရာဘာကို အဓိကထားပြီး ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်များကို စိုက်ပျိုးကြကာ ဒေသခံ အများစုကမူ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလျက် ရှိကြောင်း သိရသည်။

“တချို့က လျော်ကြေးကို ယူမယ်။ တချို့ကလည်း မလိုချင်ကြဘူး ပြောနေကြတယ်။ ရွာသား တချို့က မကျေနပ်ဘူး။ တချို့က ကျေနပ်တယ်။ ခြံပါတဲ့ လူတွေက မကျေနပ်ဘူး ပြောနေတာပဲ” ဟု ရေနံချက် စက်ရုံဆောက်ရန် လျာထားသည့် ဆီအုန်းခြံနှင့် ကပ်လျက် ရှိသည့် ရာဘာခြံရှင် အမျိုးသမီးတဦးက ပြောသည်။
တနင်္သာရီတိုင်းတွင် ယခုဆောက်လုပ်ရန် လျာထားသည့် ရေနံချက် စက်ရုံ စီမံကိန်းအပြင် ဇောတိက သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိကြောင်း သိရသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းသင်္ဘောများ တနင်္သာရီ ကမ်းရိုးတန်း၊ တီဇစ်ကမ်းခြေတွင် ဆိုက်ကပ်ကာ ၎င်းရှိ သိုလှောင်ကန်မှ တဆင့် ပိုက်လိုင်းများဖြင့် ၆ မိုင်အကွာရှိ ရင်းဘုတ်ရေနံချက် စက်ရုံသို့ ပို့မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖေါ်ပြသည်။

1 comments:

Tavoyan Voice said...

Thank you for sharing of Tavoyan information!

Post a Comment

Copyright © Tavoyan Voice