ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့မှစ၍ မိုးများ ဆက်တိုက်သည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

”မိုးက ၄၊ ၅ ရက်လောက် ဆက်တိုက် သည်းကြီးမဲကြီးရွာလိုက်တော့ ချောင်းရေ၊ မြစ်ရေတွေ လျှံတက်လာပြီး အခုလို ရေကြီးမှုတွေဖြစ်လာခဲ့တာပါ။ ဒီနားမှာက နှစ်တိုင်းလိုလို ရေကျော်တတ်ပါတယ်။ ကားတွေလည်း သွားလို့မရဘူး။ မိုးနည်းလာရင်တော့ ပြန်ကျသွားမယ်လို့ ထင်ပါတယ်။ မြိတ်ဘက်ကလာတဲ့ ကားတွေကတော့ ပေါက်တိုင်းတံတားပေါ်မှာ ရေကျချိန်ကို စောင့်နေတုန်းပဲ။ ဟိုဘက်ဒီဘက်ကို ကူးတို့လှေနဲ့ ပို့ပေးနေပါတယ်။ လူတစ်ယောက်ကို ကျပ် ၅၀၀၊ ဆိုင်ကယ်တစ်စီးကို ကျပ် ၁၀၀၀ နဲ့ပါ။ ဒီအတိုင်းသာ မိုးဆက်တိုက် ရွာနေမယ်ဆိုရင်တော့ ရေထပ်ကြီးဖို့ပဲရှိပါတယ်” ဟု ပေါက်တိုင်တံတားအနီး နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်များဖြစ်ကြသော ရှမ္မလည်ဆွဲ၊ ကြက်စားပြင်၊ မြောင်းပုလဲမြို့သစ် စသောရပ်ကွက်များတွင် ရေနုတ်မြောင်းများမှ တစ်ဆင့် ရေများဝင်ရောက်လာမှုကြောင့် နေအိမ်များအတွင်း ရေများ ၀င်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ကြသော လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များရှိ ကျေးရွာများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်လျက်ရှိပြီး သွားလာမှုခက်ခဲလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ထားဝယ်ဒေသ၌ ရာသီဥတုမူမမှန်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိုးဆက်လက်ရွာသွန်းနေပါက ယခုနှစ်အတွင်း ထားဝယ်ဒေသ၌ ရေကြီးမှုအန္တရာယ်များ ကြုံတွေ့ရဖွယ်ရှိကြောင်း ၀ါရင့်ရေလုပ်သားများထံမှ သိရှိရသည်။

0 comments:

Post a Comment

Copyright © Tavoyan Voice